(၃၂၂) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၄-၉-၂၀၂၄ ရက်)

(၄-၉-၂၀၂၄ ရက်၊ တိုကျို)

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် အာဆီယံကော်မတီ(တိုကျို)ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Mrs. Phongsamouth ANLAVAN က ကြီးမှူး၍ လာအိုသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံသံအမတ်ကြီးများနှင့် ဂျပန်အစိုးရ ပြည်သူ့ရေးရာအတွင်းရေးမှူးဟောင်း Mr. Noriyuki Shikata တို့အကြား Dinner Talk ကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ Dinner Talk တွင် Mr. Noriyuki Shikata နှင့် အာဆီယံသံအမတ်ကြီးများသည် ဝန်ကြီးချုပ်ကီရှီဒါအစိုးရအဖွဲ့၏မူဝါဒများ၊ ဦးစားပေးကဏ္ဍများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ဂျပန်နိုင်ငံ၏ အစိမ်းရောင် အသွင်ကူးပြောင်းမှုမူဝါဒများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။