(၄-၉-၂၀၂၄ ရက် ၊ ကူဝိတ်)
ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait -ACK) အလှည့်ကျဥက္ကဌတာဝန်ယူထားသည့် မြန်မာသံရုံးမှ ဦးဆောင်ပြီး အာဆီယံသံရုံးအကြီးအကဲ များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၄-၉-၂၀၂၄ ရက်နေ့တွင် ကူဝိတ်ရေနံကုမ္ပဏီ (Kuwait Oil Company-KOC) သို့သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွားရောက်သည့် လေ့လာရေးခရီးစဉ်တွင် ကူဝိတ်မြို့ရှိ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသံရုံးတို့မှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ သံတမန်များလိုက်ပါခဲ့ကြပါသည်။
အဆိုပါ အာဆီယံသံရုံးအကြီးအကဲများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ကူဝိတ်ရေနံကုမ္ပဏီ(KOC)မှ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့်အဖွဲ့က လက်ခံတွေ့ဆုံခဲ့ပြီး ကုမ္ပဏီမှ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကူဝိတ်ရှိ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဌ ဖြစ်သူ မြန်မာသံအမတ်ကြီး ဦးချမ်းအေးက ကျေးဇူး တင်ရှိကြောင်းပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ပါသည်။ KOC မှတာဝန်ရှိသူများက Ahmad Al-Jaber Oil & Gas Exhibition ရေနံထုတ်လုပ်မှု ပြခန်း သို့ လိုက်လံပြသခဲ့ပါသည်။
ကူဝိတ်ရေနံကုမ္ပဏီ (KOC)သည် နိုင်ငံအတွက် ဝင်ငွေ ၉၅ ရာခိုင်နှုန်းကျော်ရှာဖွေပေး နေသည့် နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုကဲ့သို့ သွားရောက်တွေ့ဆုံ လေ့လာခြင်းဖြင့် ကုမ္ပဏီနှင့် အာဆီယံနိုင်ငံများမှ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။



