(၆-၁၂-၂၀၂၃ ရက်၊ တိုကျို)
တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့်ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို) ၏ (၃၁၉) ကြိမ်မြောက်အစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် တိုကျိုမြို့ Tokyo Garden Palace Hotel ၌ အာဆီယံကော်မတီ(တိုကျို) ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry ကကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အာဆီယံကော်မတီ(တိုကျို)၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံကော်မတီ(တိုကျို)၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry မှ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Heri AKHMADI ထံသို့ အာဆီယံကော်မတီ(တိုကျို) ၏ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် ညစာစားပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ အာဆီယံကော်မတီ (တိုကျို)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တိုကျိုမြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဇွန်လအထိ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။





