(၇-၁၂-၂၀၂၃ ရက်၊ ပရာ့ဂ်)
ပရာ့ဂ်မြို့ရှိ Marriott Hotel ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် ကော်မတီ၏ (၆)လတစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများသို့ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းခြင်း အခမ်းအနားသို့ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ချက်နိုင်ငံတွင် အာဆီယံ၏ ပုံရိပ်မြင့်တက်စေရန်နှင့် အာဆီယံ-အီးယူဆက်ဆံရေး တိုးတက်စေရန်အတွက် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် လှုပ်ရှားမှုများ၊ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည့် လှုပ်ရှားမှုများအား ပြန်လည်ဆန်းစစ်ခြင်း၊ ချက်နိုင်ငံနှင့် အာဆီယံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးပြီးနောက် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးမှ မလေးရှားသံအမတ်ကြီးထံ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွက် ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံမှ အဆိုပါကာလအတွက် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ ကော်မတီမှ ချက်အစားအစာဘဏ်ဖက်ဒရေးရှင်းသို့ အစားအစာနှင့်ငွေကြေးလှူဒါန်းခြင်း၊ အာဆီယံ+၃ ဘိုးလင်းပြိုင်ပွဲနှင့် အာဆီယံဟင်းလျာရက်သတ္တပတ်ကျင်းပခြင်းများအား ဦးဆောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



