ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအား သွားရောက်တွေ့ဆုံ (၇-၁၂-၂၀၂၃ ရက်)

(၇-၁၂-၂၀၂၃ ရက်၊ ချင်းမိုင်) 

မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၇-၁၂-၂၀၂၃ ရက်တွင် ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း (Women Correctional Institute) သို့ သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့်တွေ့ဆုံခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့်ရရှိရေးအပါအဝင် ကောင်စစ်ရေးရာဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုရရှိရေး၊ လူမှုဖူလုံရေးနှင့် သက်သာချောင်ချိရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကောင်စစ်ဝန်ချုပ်က အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ (၄၀)ဦးနှင့် ခရစ်ယာန်ဘာသာဝင် ထိုင်းအကျဉ်းသူ (၃၀)ဦးတို့အားတွေ့ဆုံကာ စိတ်ပိုင်းဆိုင်ရာအားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းမှ ပရဟိတအသင်းတို့ ပူးပေါင်း၍ ထောက်ပံ့လှူဒါန်းသော တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများနှင့် အသင့်စားအစားအစာများကို ထောက်ပံ့ပေးခြင်း၊ နေ့လယ်စာထမင်းဘူးများလှူဒါန်းခြင်းနှင့် အကျဉ်းကျခံနေစဉ် မီးဖွားခဲ့သည့်မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း၍ ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသူများ ပြုလုပ်ရောင်းချသော လက်မှုပစ္စည်းများကို ဝယ်ယူ အားပေးခဲ့ကြောင်း သိရှိရပါသည်။