(နန်နင်း၊ ၄-၁၁-၂၀၂၆)
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တရုတ် (ကွမ်ရှီး)-အာဆီယံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု (ငလျင်ဘေး အန္တရာယ် ကာကွယ်ရေးနှင့် သဘာဝဘေးလျော့ပါးရေး) ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးညီလာခံ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံကို “ဉာဏ်ရည်တု စွမ်းအားသုံး ငလျင်ဘေးအန္တရာယ် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး – တရုတ်-အာဆီယံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စွမ်းဆောင်ရည်များ မြှင့်တင်ရန် အတူတကွ လက်တွဲဆောင်ရွက်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ငလျင် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အတွက် သီးသန့်ရည်ရွယ် ကျင်းပသည့် ပထမဆုံးသော တရုတ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ညီလာခံဖြစ်ပြီး တရုတ်-အာဆီယံ မူဘောင်အောက်မှ နိုင်ငံစုံသဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ ငလျင်ဘေး အန္တရာယ်များကို ပူးတွဲတုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် ပုံမှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ထူထောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cao Zhiqiang နှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ တရုတ်၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်က “မြန်မာနိုင်ငံရှိ ငလျင်စောင့်ကြည့်ရေးကွန်ရက်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။
ညီလာခံသို့ တရုတ်အဆင့်မြင့်အရာရှိကြီးများ၊ ကောင်စစ်ဝန်ချုပ်များ၊ အာဆီယံ သံတမန်များနှင့် နည်းပညာကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြီးပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်း သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ ကြိုတင်သတိပေးချက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ ဖလှယ်ရေး လုပ်ငန်းစဉ် များတွင် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်မှုကို ပြသခဲ့ပါသည်။


