(၁၁-၂-၂၀၂၆ ရက်၊ ဆိုးလ်)
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ကျင်းပ သည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre- AKC)ကောင်စီ၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Jae-shin၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အဆင့်မြင့်အရာရှိများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး Mr. Ha Daegoog တို့ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် AKC က အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စ၊ ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု တိုးတက်လာစေရေး အစီအစဉ်များ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတွင် အထောက်အကူဖြစ်စေမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ၂၀၂၆ ခုနှစ်အတွက် AKC မှအဆိုပြုထားသည့် လုပ်ငန်းအစီအစဉ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များဖြစ်သော ကုန်သွယ်မှုကိုပံ့ပိုးပေးမည့် မစ်ရှင်နှင့် အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကို မြှင့်တင်ပေးမည့် အစီအစဉ်များပါဝင်သည်ကို လေ့လာတွေ့ရှိရသည့်အတွက် အဆိုပါအစီအစဉ်များ အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။



