(၁၁-၂-၂၀၂၆၊ ကူမင်း)
ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် တရုတ်ရိုးရာ နှစ်သစ် ကူးပွဲတော်တွင် နိုင်ငံတကာ ယဉ်ကျေးမှုပြခန်းများနှင့်အတူ မြန်မာယဉ်ကျေးမှုကိုလည်း ပါဝင်ပြသခဲ့သည်။ အဆိုပါမြန်မာယဉ်ကျေးမှုပြခန်းတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု လက်မှုအနုပညာ ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး ပွဲတက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာလက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့သည်။ ထို့အတူ ယူနန်ပြည်နယ်အခြေစိုက် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန်ချုပ်ရုံးများမှလည်း သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှု အနုပညာပစ္စည်းများကို ပြသခဲ့ကြပြီး ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှကျင်းပသည့် အဆိုပါတရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံ တကာ ယဉ်ကျေးမှုပြခန်းများ ထည့်သွင်းပြသခြင်းအားဖြင့် ယူနန်ပြည်နယ်နှင့် ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူ များအကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး ထည့်သွင်းပြသခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ရွှီဟောက်၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံး များမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



