အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ သင်္ကန်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

(၃-၁၁-၂၀၂၆၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် သံရုံးဝန်ထမ်းမိသားစုများနှင့်အတူ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တဲလ်အဗီးမြို့ရှိ Israel Buddhist Vihara ကျောင်း၏ အစီအစဉ်ဖြင့် Goren Goldstein Community Centre တွင် ကျင်းပပြုလုပ်သော ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်တရားတော်များ နာယူခဲ့ပါသည်။

အဆိုပါ ဗုဒ္ဓဘာသာကျောင်းတိုက်သည် သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါး သီတင်းသုံးလျှက်ရှိသော ကျောင်းဖြစ်ပြီး ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖြစ်မြောက်စေရန်အတွက် အိုင်ယာလန်၊ ယူကေနှင့် ဂျာမဏီနိုင်ငံတို့တွင် သီတင်းသုံးလျှက်ရှိသော ဘုန်းတော်ကြီး ၁ ပါးစီအား ပင့်ဖိတ်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ အိုင်ယာလန်နိုင်ငံမှ ကြွရောက်သည့် ဆရာတော်မှာ မြန်မာနိုင်ငံမှ ဆရာတော် ဒေါက်တာ အရှင်ကုမုဒ ဖြစ်ပါသည်။

မြန်မာဘုန်းတော်ကြီးတစ်ပါး ကြွရောက်လာခဲ့သည့်အတွက် အစ္စရေးနိုင်ငံရှိ မြန်မာသံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အစ္စရေးနိုင်ငံတွင် ရောက်ရှိနေထိုင်လျှက်ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအတွက် လွန်စွာကြည်နူးပီတိဖြစ်ခဲ့ရပြီး ကထိန်သင်္ကန်း ကပ်လှူခြင်း၊ တရားတော်များနာယူခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သဒ္ဓါရွှင်လန်းစွာဖြင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်းခြင်း အစရှိသည့် ကောင်းမှုကုသိုလ်များအား ဆောင်ရွက်ခွင့်ရရှိခဲ့ကြပါသည်။

မြန်မာသံရုံး ဝန်ထမ်းမိသားစုများအနေဖြင့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆရာတော်အား မြန်မာသံရုံးသို့ ပင့်ဖိတ်၍ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းစသည့် ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြပြီး ဆရာတော် အစ္စရေးနိုင်ငံတွင် သီတင်းသုံး နေထိုင်စဉ်အတွင်း လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။