တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့အခြေစိုက်၊ အာဆီယံသံရုံး (၇) ရုံးဖြင့် ဖွဲ့စည်းထားသည့် အာဆီယံပရီတိုးရီးယားကော်မတီသည် (၅၉) နှစ်မြောက် အာဆီယံနေ့နှင့် အာဆီယံ-တောင်အာဖရိက ကဏ္ဍအလိုက် မိတ်ဖက်ဆက်ဆံရေးအဆင့် တည်ထောင်မှု (၃) နှစ်ပြည့်နှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ၁၉-၈-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၄၀၀ နာရီမှ ၁၅၀၀ နာရီအထိ ပရီတိုးရီးယားမြို့ရှိ၊ တောင်အာဖရိကနိုင်ငံ၊ အမျိုးသားစာကြည့်တိုက် (National Library of South Africa (NLSA) ၌ ကျင်းပခဲ့ရာ တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းနှင့် မြန်မာသံရုံးမှဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အာရှနှင့်အရှေ့အလယ်ပိုင်းဆိုင်ရာဌာနမှ ယာယီဒုတိယညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး Ms. Thandiwe Fadane က တောင်အာဖရိကအစိုးရ၏ အထူးဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး ပရီတိုးရီးယားမြို့အခြေစိုက် သံအမတ်ကြီးများ၊ အစိုးရအရာရှိကြီးများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ဧည့်သည် (၂၅၀) ခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအား အာဆီယံသီချင်းနှင့် တောင်အာဖရိကနိုင်ငံတော်သီချင်းတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အာဆီယံ-ပရီတိုးရီးယားကော်မတီ၏ လက်ရှိအလှည့်ကျဥက္ကဌဖြစ်သူ ဖိလစ်ပိုင်သံရုံး၊ သံအမတ်ကြီး H.E. Ms. Myla Grace Ragenia C. Macahilig နှင့် အထူးဧည့်သည်တော် သံအမတ်ကြီး Ms. Thandiwe Fadane တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ပရီတိုးရီးယားမြို့အခြေစိုက်၊ အာဆီယံသံရုံးများက ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့အနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။


