(၂၇-၉-၂၀၂၃ ရက်၊ ဗီယင်နာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ (၆၇)ကြိမ်မြောက် အထွေထွေညီလာခံကျင်းပနေစဉ်ကာလအတွင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ ရုရှားနိုင်ငံအစိုးရ၏ ပတ်ဝန်းကျင်၊ စက်မှုနှင့်နျူကလီးယားဆိုင်ရာအကြံပေးအဖွဲ့ (Federal Environmental, Industrial and Nuclear Supervision Service of Russia-Rostechnadzor) ဥက္ကဋ္ဌ Mr. Alexander Trembitskiy ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ၂၇-၉-၂၀၂၃ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံလျက်၊ မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ Rostechnadzor တို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
Rostechnadzor သည် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ စက်မှုနှင့် စားသုံးသူများ၏ စွန့်ပစ်ပစ္စည်းများအပါအဝင် နည်းပညာများကြောင့်ဖြစ်ပေါ်သည့် ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်နိုင်ရေး၊ သတ္တုတွင်း၊ စက်မှုနှင့်အဏုမြူစွမ်းအင်ဆိုင်ရာဘေးကင်းလုံခြုံမှုရှိရေး စသည့်ကဏ္ဍများတွင် စည်းမျဉ်းဥပဒေများပြဋ္ဌာန်းမှု၊ အကြံပြုမှု၊ ကြီးကြပ်ပေးမှုတို့ကို ဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။



