(၂၇-၉-၂၀၂၃ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် Global Trade & Technology Council (India) မှ ကြီးမှူး၍ ၂၇-၉-၂၀၂၃ ရက်၊ (၁၆:၃၀) နာရီတွင် နယူးဒေလီမြို့ရှိ The Lalit Hotel, AT OKO ခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလာရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မောရစ်သျှ၊ ဆူရီနမ် (Suriname), ဘီလာရုစ်၊ ကာဇက်စတန်၊ ကော်မိုရိုစ် (Comoros)၊ ဘရူနိုင်း၊ တောင်ကိုရီးယားနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် အဆင့်မြင့်သံတမန်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလာမှုဆိုင်ရာအခွင့်အလမ်းများ၊ သွားရောက်လည်ပတ်သင့်သည့်နေရာများနှင့် လေကြောင်းလိုင်းများ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြန်မာနိုင်ငံ၏ခရီးသွားလာမှုမြှင့်တင်ရေး ဗီဒီယိုနှင့်အတူ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အတူ အခမ်းအနားသို့တက်ရောက်လာသည့် သံတမန်များနှင့်တာဝန်ရှိသူများက ခရီးသွားလာမှုမြှင့်တင်ရေးအတွက် နိုင်ငံအလိုက် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။




