(၂၃-၁၂-၂၀၂၅ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းဘုရင့်တပ်မတော်၊ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြီးတန်းအကြံပေးနှင့် အိမ်နီးချင်းနိုင်ငံများပူးပေါင်းညှိနှိုင်းရေးဌာန အကြီးအကဲဖြစ်သူ General Direk Bongkarn အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ နံနက် ၁၀: ၃၀ နာရီ အချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကာလရှည်ကြာပြီဖြစ်သော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့၏ အရေးကြီးပုံနှင့် ပြင်ဆင်ဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။




