မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ စီမံကိန်း (၂၁) ခုအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေလွှဲပြောင်းပေးအပ်

(၁၀-၈-၂၀၂၁ ရက်၊ နေပြည်တော်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံဝန်ကြီးဌာန (၁၁) ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်း လက်ခံလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ video conference စနစ်ဖြင့် ကျင်းပခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုးခဲ့သည်။ 

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းလက်ခံရရှိသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) တွင် မြန်မာနိုင်ငံမှ စီမံကိန်း (၂၂) ခု ရရှိခဲ့သော်လည်း၊  “Biosafety level-3 Lab” တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်းလုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်တွင် လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး၊ ကျန်စီမံကိန်း (၂၁) ခုအတွက် အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ကို လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သမားရိုးကျမဟုတ်သော လုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်နိုင်ငံများအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုမည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ပေးအပ်ခဲ့ပြီး၊ နှစ်စဉ် မဲခေါင်နိုင်ငံများသို့ နိုင်ငံအလိုက် စီမံကိန်းများ ခွင့်ပြုပေးခဲ့ပါသည်။ 

မြန်မာနိုင်ငံသည် ၂၀၁၇ နှစ်မှ ၂၀၂၀ ကာလအတွင်း စီမံကိန်း (၅၁) ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ( ၁၆.၃) သန်းကို လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။ 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။