မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့

(၈-၃-၂၀၂၁ ရက်၊ ဟောင်ကောင်)

၁။ မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ  COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဉ် ကာလအတွင်း ဆက်လက်အလုပ်လုပ်ကိုင်ခွင့်မရရှိသဖြင့် စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့ နေရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အလုပ်အကိုင်သက်တမ်း ထပ်မံတိုးမြှင့်ခွင့် မရရှိသဖြင့် မြန်မာနိုင်ငံသို့ မဖြစ်မနေထွက်ခွာရမည့်သူများ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မြန်မာအမျိုးသား လေကြောင်း (Myanmar National Airlines-MNA) မှ စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ယနေ့ ၈-၃-၂၀၂၀ ရက် (တနင်္လာနေ့) (၁၇:၃၀) နာရီချိန်တွင် မကာအိုဒေသ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းသည့် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines-MNA) လေကြောင်းပျံသန်းအမှတ် UB- 8036 ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား (၉၂) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားပါသည်။

၃။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ် ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် အဖြစ်လည်းကောင်း၊ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသမှ မြန်မာနိုင်ငံသားများအား (၁၁) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၁,၆၈၇) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။