(၁၀-၃-၂၀၂၁ ရက်၊ ကိုလံဘို)
သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစာပေသင်ကြားပြီးမြောက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လိုသည့် မြန်မာစာသင်သား ရဟန်းသံဃာ ၉၅ ပါး၊ သီလရှင် ၇ ပါး၊ မြန်မာနိုင်ငံသား ၅ ဦး၊ သီရိလင်္ကာနိုင်ငံသား ၄ ဦးနှင့် မော်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံသား ၅ ဦး စုစုပေါင်း ၁၁၆ ဦးတို့အား ၁၀-၃-၂၀၂၁ ရက်နေ့ ၁၄:၀၀ နာရီ အချိန်တွင် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း(MAI) ဖြင့် ကိုလံဘိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လာနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာတွင် မြန်မာသံရုံး၊ ကိုလံဘိုမြို့အား ပံ့ပိုးကူညီခဲ့ကြသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ လေကြောင်းအာဏာပိုင်အဖွဲ့၊ ရန်ကုန်မြို့ရှိ သီရိလင်္ကာသံရုံး၊ မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI နှင့် ကိုလံဘိုမြို့၊ မကုဋာရာမ မြန်မာကျောင်းတိုက် တို့အား ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
အဆိုပါ Relief Flight ဖြင့် လိုက်ပါသွားကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များအား ရန်ကုန်မြို့သို့ ရောက်ရှိပါက အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာ သာသနာ့ဗိမာန်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် သတ်မှတ်ချက်များနှင့်အညီ ၁၄ ရက် သီတင်းသုံး Quarantine နေထိုင်စေပြီး ၎င်းတို့၏ ဆွမ်း၊ ကွမ်း/အစားအသောက် ကိစ္စများအတွက် သီတဂူဆရာတော်ဘုရားကြီးမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။







