ဘူဆန်မြို့ရှိ အာဆီယံယဉ်ကျေးမှုအိမ် (ASEAN Culture House)တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၏ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်

(၃၁-၁၀-၂၀၂၆၊ ဆိုးလ်)

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဘူဆန်မြို့ရှိ အာဆီယံယဉ်ကျေးမှုအိမ် (ASEAN Culture House) ၌ကျင်းပသည့် Dialogues of the South ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့ ကိုယ်စား စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူ တက်ရောက်ခဲ့ပါသည်။

အဆိုပါပြပွဲသည် အာဆီယံနှင့် လက်တင်အမေရိကဒေသတို့အကြား အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဆက်စပ်မှုများကို ခေတ်ပြိုင်အနုပညာလက်ရာများမှတစ်ဆင့် ဖော်ထုတ်ပြသပြီး ကမ္ဘာ့တောင် ပိုင်း (Global South) နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ ပြပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ပြသသွားမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ASEAN Culture House ၌ ASEAN Market 2026 အာဆီယံဈေးရောင်းပွဲတော်နှင့် ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ မြန်မာပြခန်း ပါဝင်ပြသလျက်ရှိပါသည်။ အဆိုပါပွဲတွင် အာဆီယံနိုင်ငံများမှ ကုန်စည်ပြခန်းများနှင့် ရိုးရာအစားအသောက်ရောင်းချသည့် ဆိုင်ခန်းများ ပါဝင်ဖွင့်လှစ်ထားပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ သံရုံးများ၏ ပြခန်းများအပြင် ဗီယက်နမ်အစားအသောက်ရောင်းချသည့် ဆိုင်ခန်းလည်း ပါဝင်ပါသည်။ မြန်မာပြခန်းတွင် မြန်မာ့ ပေါ်ဆန်းမွှေးဆန်၊ ကျောက်စိမ်း လက်ဝတ်ရတနာများ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများနှင့် အသင့်စား စားသောက်ကုန်များကို ပြသမိတ်ဆက်လျက်ရှိပါသည်။ ထို့အပြင် အာဆီယံနိုင်ငံများ၏ ရိုးရာအစားအသောက်များ၊ လက်မှုပစ္စည်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အနုပညာဖျော်ဖြေမှုများအပြင် လက်တွေ့ပါဝင်ဆင်နွှဲနိုင်သည့် ယဉ်ကျေးမှုအစီအစဉ်များနှင့် အစားအသောက်ချက်ပြုတ်နည်း လက်တွေ့သင်တန်းများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိပါသည်။

အစားအသောက်နှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့မှတစ်ဆင့် ကိုရီးယားနှင့် အာဆီယံနိုင်ငံများ အကြား ဆက်ဆံရေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပသည့် ASEAN Market 2026 တွင် မြန်မာပြခန်း ပါဝင် ပြသခြင်းဖြင့် မြန်မာ့ထုတ်ကုန်များ၊ စားသောက်ကုန်များနှင့် ရိုးရာယဉ်ကျေးမှုများကို ကိုရီးယား ဈေးကွက်နှင့် စားသုံးသူများထံ မိတ်ဆက်နိုင်ခြင်း၊ မြန်မာ့ထုတ်ကုန်များအပေါ် စိတ်ဝင်စားမှုနှင့် ဈေးကွက်အလားအလာများကို လေ့လာနိုင်ခြင်းတို့အပြင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ အကြား ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ ပိုမိုတိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ ရရှိ စေမည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်များကို ဘူဆန်မြို့ Korea Foundation နှင့် ASEAN Culutre House တို့မှ သက်ဆိုင်ရာအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။