တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ “2026 ASEAN-China (Henan) Cooperation and Development Conference on Food and Agriculture-ACCFA” တက်ရောက်

(၁-၁၁-၂၀၂၆၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၉-၁၀-၂၀၂၆ ရက်မှ ၁-၁၁-၂၀၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟဲနန်ပြည်နယ် (Henan)၊ ကျန်းကျိုးမြို့ (Zhengzhou) တွင် ကျင်းပသည့် “၂၀၂၆ ခုနှစ်၊ အာဆီယံ-တရုတ်(ဟဲနန်) စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” (2026 ASEAN-China (Henan) Cooperation and Development Conference on Food and Agriculture-ACCFA) သို့ တက်ရောက်ခဲ့ပါသည်။


အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားကို ၃၀-၁၀-၂၀၂၆ ရက်နေ့တွင် “Digital Intelligence Connect ASEAN, Green Chain Ensures and Food security” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပါသည်။ ထို့ပြင် (၅) ကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမကြီး (ဟဲနန်) နိုင်ငံတကာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုပြပွဲ (The 5th Belt and Road (Henan) International Agricultural Cooperation Expo) နှင့်အတူ AI+ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသ၊ နယ်စပ်ဖြတ်ကျော် E-commerce နှင့် ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆန်းသစ်တီထွင်မှုစသည့် ခေါင်းစဉ်များဖြင့် သီးခြားဆွေးနွေးပွဲများကျင်းပခဲ့ပြီး စားနပ်ရိက္ခာ လုံခြုံရေး၊ ကုန်သွယ်မှုနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသော အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။


အဆိုပါအခမ်းအနားသို့ ဒေသဆိုင်ရာအာဏာပိုင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ၊ သံတမန်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဆိုင်ရာပညာရှင်များ၊ စုစုပေါင်း (၉၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။