(၄-၁-၂၀၂၄ ရက်၊ နန်နင်း)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်၊ နံနက် (၀၇၃၀) နာရီ၌ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ မြန်မာနိုင်ငံတော်အလံကို အလံတိုင်၌ လွှင့်တင်ကာ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ဦးညွှတ်အလေးပြုပြီးနောက် ကောင်စစ်ဝန်ချုပ်က ခက်ခက်ခဲခဲ ရယူခဲ့ရသည့် နိုင်ငံတော်၏ လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတမန်ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍမှ စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းဆောင်ကြရန် မှာကြားခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့သို့ ကွမ်ရှီးဒေသအစိုးရရုံး၊ ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံး၊ နန်နင်းမြို့အစိုးရရုံး၊ နန်နင်းမြို့နိုင်ငံခြားရေးရုံး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (ကွမ်ရှီးကော်မတီ) (CCPIT) (Guangxi Committee)၊ တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဆိုင်ရာအထွေထွေအတွင်းရေးမှူးချုပ်ရုံး (CABIS) နှင့် ဘရူနိုင်း-ကွမ်ရှီး ကုန်သည်ကြီးများအသင်းတို့က ဂုဏ်ပြုပန်းခြင်းများ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။



