(၁၁-၈-၂၀၂၁ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ ဦးဆောင်၍ အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများအား Video Conferencing စနစ်ဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်လျက် ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များအား အသိပေးရှင်းလင်းခြင်း ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ ၁၁-၈-၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့မှ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များ၊ (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပခဲ့ခြင်းနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များအား အသိပေးရှင်းလင်း ပြောကြား၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ၏ မေးမြန်းချက်များ၊ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

