(၂၆-၄-၂၀၂၃ ရက်၊ နန်နင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁)ရက်မှ (၂၆)ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် China-ASEAN (Nanning) Intangible Cultural Heritage Week သို့ မြန်မာ့သဘင်အဖွဲ့အစည်း၊ ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်သည့် (၉) ဦးပါ မြန်မာယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၁-၄-၂၀၂၃ ရက်တွင် Min Ge Lake Square ၌ ကျင်းပသည့် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲသို့ နန်နင်းမြို့ ဒုတိယမြို့တော်ဝန် Ms. Zhang Ziying ၊ တရုတ် Intangible Cultural Heritage Protection Center ၏ အကြီးအကဲ Ms. Zhang Qingqian အစရှိ သည့် တာဝန်ရှိသူများ၊ နန်နင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပါသည်။
ယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်များကို (၄) ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့ရိုးရာဂီတ သီချင်းအကအလှများ ဖြင့် ဖျော်ဖြေခဲ့ရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မိသားစုဝင်များ၊ နန်နင်းမြို့ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာ ကျောင်းသား/ကျောင်းသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ထို့ပြင် အဆိုပါ ကာလအတွင်း Min Ge Lake Square ၌ပင် China-ASEAN Intangible Cultural Heritage Fair ကို (၂) ရက်ကြာ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံပြခန်းတွင် မြန်မာ့စောင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့အဝတ်အစား၊ ပုသိမ်ထီး၊ မြန်မာ့သနပ်ခါး အစရှိသည့် ယဉ်ကျေးမှုလက်ရာပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါကြောင်းနှင့် China-ASEAN (Nanning) Intangible Cultural Heritage Week သို့ နန်နင်းမြို့မှ ပရိသတ်(၃၀၀၀)ကျော် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။



