ထိုင်း-ကနေဒါ ဆက်ဆံရေးဆိုင်ရာ အထူးနေ့လယ်စာ စကားဝိုင်းသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်

(၁၈-၉-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Darm Boontham ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၁၀၀ နာရီတွင် ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသော “မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ ဒေသတွင်းဝါဒနှင့် ကမ္ဘာ့အခင်းအကျင်း ပြန်လည်ပြောင်းလဲဖွဲ့စည်းလာမှုများ − ထိုင်း-ကနေဒါ ဆက်ဆံရေး၏ နောက်တစ်ဆင့်ကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးနေ့လယ်စာ စကားဝိုင်းသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကနေဒါနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Vijavat Isarabhakdi က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဒုတိယဝန်ကြီး Weldon Epp နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ကော်မတီ (အော်တာဝါ) မှ သံရုံးအကြီးအမှူးများနှင့် ဖိတ်ကြားထားသည့် နိုင်ငံရေးကျွမ်းကျင်ပညာရှင်များက ထိုင်း-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေး၊ ကနေဒါ- အာဆီယံဆက်ဆံရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာမှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။