(၁၇-၁၀-၂၀၂၆၊ ကူမင်း)
ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ကောင်စစ်နယ်မြေအတွင်း ပညာသင်ကြားလျက်ရှိသည့် မြန်မာပညာတော်သင် ကျောင်းသား၊ ကျောင်းသူ (၂၈) ဦးနှင့် တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်တို့တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခြားမြို့များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံနှင့် တက္ကသိုလ်များ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ မိမိတို့၏ ပညာရပ်နယ်ပယ်အလိုက် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန်နှင့် သင်ယူတတ်မြောက်ထားသည့် ပညာရပ်များကိုအသုံးချ၍ နိုင်ငံ့အကျိုးကို သယ်ပိုးကြရန် အလေးထားမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ ပညာသင်ကြားမှုအတွေ့အကြုံများ၊ ကြုံတွေ့ရသည့် အခြေအနေများနှင့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ မျှဝေဆွေးနွေးခဲ့ကြသည်။ မြန်မာကောင်စစ်ဝန်ချုပ်ကလည်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး သင့်လျော်သည့် အကြံပြုချက်များကို ဆွေးနွေးပေးခဲ့သည်။


