(၁၈-၁၀-၂၀၂၆ ရက်၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ရေကြောင်းပစ္စည်းကိရိယာညီလာခံသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သံအမတ်ကြီးမှ မိန့်ခွန်းပြောကြားရာ၌ ဖူကျန့်ပြည်နယ်သည် ရေကြောင်းပိုးလမ်းမကြီး၏ သမိုင်းဝင်အရေးပါသော ဒေသတစ်ခုဖြစ်ပြီး၊ ဖူကျိုးမြို့သည် ရေကြောင်းအခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများအတွက် အရေးပါသော ဝင်ပေါက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တစ်လျှောက် ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၂,၀၀၀ ကျော်ရှိပြီး အပြာရောင်စီးပွားရေး (Blue Economy) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အလားအလာများရှိကြောင်း၊ အထူးသဖြင့် ရေရှည်တည်တံ့သော ငါးလုပ်ငန်း၊ ရေထွက်ပစ္စည်းမွေးမြူရေး၊ ရေကြောင်းပို့ဆောင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍများတွင် အလားအလာကောင်းများ ရှိကြောင်း၊ “Two Countries, Twin Parks” ပူးပေါင်းဆောင်ရွက်မှုပုံစံသည် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ခြင်း၊ အအေးကွင်းဆက် ထောက်ပံ့ပို့ဆောင်ရေးစနစ်များ ခေတ်မီတိုးတက်စေခြင်း၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများကို ဖူကျန့်ပြည်နယ်၏ အဆင့်မြင့်ရေကြောင်း အခြေခံအဆောက်အအုံများနှင့် ချိတ်ဆက်ပေးခြင်းတို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရေး ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သံအမတ်ကြီးသည် အခြားသောသံတမန်များနှင့်အတူ ဖူးကျန့်ပြည်နယ်၊ ဖူးကျိုးမြို့တော်ဝန် မစ္စတာ ဝူရှန်းသက် (Mr. Wu Xiande) ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့် သီးသန့်တွေ့ဆုံဆွေးနွေးပွဲနှင့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပြီး ညီလာခံသို့ တရုတ်နိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၁၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



