ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပသည့် 2026 ASEAN Panorama အစီအစဉ်၌ မြန်မာကုမ္ပဏီ (၁၀) ခုမှ ပြခန်းများ ပါဝင်ပြသ (၇-၈-၂၀၂၆၊ ဆိုးလ်)

အာဆီယံနိုင်ငံများ၏ ထုတ်ကုန်များကို ကိုရီးယားဈေးကွက်နှင့် ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်သည့် 2026 ASEAN Panorama ပြပွဲသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့ သံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီးသည် ယနေ့ ဩဂုတ်လ ၇ ရက်၊ နေ့လယ်ပိုင်းတွင် ASEAN-Korea Centre ၏ အတွင်းရေးမှူးချုပ်၊ ထိုင်းသံအမတ်ကြီး၊ ASEAN-Korea Centre ၏ Trade and Investment Unit (TIU) တာဝန်ခံနှင့် မြန်မာစီးပွားရေးသံမှူးတို့နှင့်အတူ ဆိုးလ်မြို့ရှိ ASEAN-Korea Centre တွင် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။
ယင်းသည် အာဆီယံဒေသတွင်းနိုင်ငံများမှ ထုတ်ကုန်များကို ကိုရီးယားစားသုံးသူများ၊ ဝယ်ယူသူများနှင့် ဖြန့်ဖြူးသူများအကြား အပြန်အလှန် ချိတ်ဆက်ပေးနိုင်မည့် စီးပွားရေးဆိုင်ရာ ပလက်ဖောင်းတစ်ရပ်အဖြစ် ဖော်ဆောင်ထားခြင်းဖြစ်ပြီး၊ အထူးသဖြင့် အာဆီယံနိုင်ငံများရှိ Micro, Small and Medium-sized Enterprises (MSMEs) များအနေဖြင့် တောင်ကိုရီးယားဈေးကွက်အတွင်း ဝင်ရောက်နိုင်မှုနှင့် ဈေးကွက်ချိတ်ဆက်မှုများ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
2026 ASEAN Panorama အစီအစဉ်ကို ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကျင်းပလျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထုတ်ကုန်များကို တစ်လလျှင် နှစ်နိုင်ငံစီဖြင့် အလှည့်ကျ ခင်းကျင်းပြသလျက် ရှိပါသည်။ ယခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ဩဂုတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ခင်းကျင်းပြသလျက် ရှိပါသည်။
မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ASEAN-Korea Centre ၏ ကူညီပံ့ပိုးမှု၊ မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ကြီးကြပ်မှုဖြင့် စိတ်ပါဝင်စားမှုရှိသည့် မြန်မာကုမ္ပဏီ ၁၀ ခုမှ ထုတ်လုပ်သည့် မြန်မာ့ရိုးရာအနုပညာနှင့် လက်မှုပစ္စည်းများ၊ အထည်အလိပ်များနှင့် မြန်မာ့အစားအသောက် ထုတ်ကုန်များတို့နှင့်အတူ ခရီးသွားမြှင့်တင်ရေး Promotion Video များကို ခင်းကျင်းပြသထားရှိပါသည်။
ပြပွဲကာလအတွင်း မြန်မာနိုင်ငံမှ ပါဝင်ပြသသည့် ကုမ္ပဏီများနှင့် တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား Business-to-Business (B2B) တွေ့ဆုံဆွေးနွေးမှုများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နှင့် ၂၇ ရက်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ B2B အစီအစဉ်မှ တစ်ဆင့် မြန်မာ့ထုတ်ကုန်များအတွက် ကိုရီးယားဈေးကွက်အတွင်း ဝယ်ယူသူများ၊ ဖြန့်ဖြူးသူများနှင့် လုပ်ငန်းမိတ်ဖက်များ ရှာဖွေချိတ်ဆက်နိုင်ရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
**********