(၂၃-၁၀-၂၀၂၆၊ မနီလာ)
ဖိလစ်ပိုင်နိုင်ငံ၊ မာကာတီမြို့ရှိ Fairmount Hotel ၌ ၁၉-၁၀-၂၀၂၆ ရက်မှ ၂၁-၁၀-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မနီလာမြို့၊ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ (၂၀) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဝန်ကြီးများအဆင့်အစည်းအဝေးအား ၂၀၂၆ခုနှစ် အာဆီယံဥက္ကဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဒေသန္တရအစိုးရဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီး Juanito Victor C. Remulla က အစည်းအဝေးသဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်ထဲရေးနှင့် လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံအပေါင်းသုံးနိုင်ငံများမှ ပြည်ထဲရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဒါတိုအက်စ်တာနာတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးများတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) နည်းပညာများ အသုံးပြုသည့် ပတ်ဝန်းကျင်၌ အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု သို့မဟုတ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု သို့မဟုတ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုဆိုင်ရာ ကိစ္စရပ်များ တားဆီးကာကွယ်ရေးဆိုင်ရာ ကြေညာချက်များအပါအဝင် အရေးပါသော ဒေသတွင်းအစီအစဉ်များကိုလည်း အလေးပေးဆွေးနွေးခဲ့ပါသည်။ ထို့အပြင် အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အာဆီယံနိုင်ငံများ၏ ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ပါသည်။


