အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်(၂၁-၁၁-၂၀၂၂ရက်)

(၂၁–၁၁–၂၀၂၂ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ၂၁–၁၁–၂၀၂၂ရက်နေ့၊ နေ့လယ် ၁၄း၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် တရုတ်–အိန္ဒိယသမုဒ္ဒရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Luo Zhaohui က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Wang Yubo က ဒုတိယ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဖိုရမ်ကို“Development for All, Theories and Practices from the Perspective of Blue Economy” ခေါင်းစဉ် ဖြင့်အဏ္ဏဝါစီးပွားရေးဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများအပိုင်းနှင့် အဏ္ဏဝါစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပိုင်းဟူ၍ အပိုင်း (၂)ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ဖိုရမ်သို့ နိုင်ငံပေါင်း ၂၀ နိုင်ငံနှင့် Think Tank အဖွဲ့အစည်းများမှ သမ္မတဟောင်း၊ ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်၏ ပထမပိုင်းတွင် ကြိုတင်ရိုက်ကူးထားသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဗီဒီယိုမိန့်ခွန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းတွင် ဖိုရမ်ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့အားကျေးဇူးတင်ရှိပါကြောင်း၊ ယခုဖိုရမ်ကို တရုတ်–အိန္ဒိယသမုဒ္ဒရာဒေသရှိ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြင့်မားလာစေရေး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ အဏ္ဏဝါစီးပွားရေး၊ ခရီးသွားလာရေးနှင့် ပညာရေးကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်ဖော်ဆောင်ပေးသည့် စင်္ကြံတစ်ခုအဖြစ် ရှုမြင်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် သက်ဆိုင်ရာနယ်ပယ်များတွင်အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအခွင့်အလမ်းများ ရှာဖွေနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဏ္ဏဝါစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်ပြည်တွင်းပြည်ပမှ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးစားပေးနယ်ပယ်များကို ရှာဖွေရန်အတွက် အားပေးဆောင်ရွက်နေကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက်လာသည့် နိုင်ငံများ၏ ပင်လယ်သမုဒ္ဒရာအုပ်ချုပ်မှုဆိုင်ရာနှင့် အဏ္ဏဝါစီးပွားရေး၌ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ဆိုင်ရာ ဖွံ့ဖြိုးမှုတို့နှင့်ပတ်သက်သောနည်းပညာဆိုင်ရာ အထောက်အပံ့နှင့် အကူအညီများကို ကြိုဆိုကြောင်း၊  သို့မှသာ မြန်မာနိုင်ငံ၌ ခေတ်မီသောအဏ္ဏဝါစီးပွားရေးမူဝါဒများကို ချမှတ်နိုင်ပြီး ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူသားများအတွက် များစွာသောအကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေး ကျပ်တည်းမှုကြောင့်ဖြစ်ပေါ်လာသည့် ဆိုးရွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းစေရန် အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားလိုမှုကို ဖော်ပြလျက် သမုဒ္ဒရာအခြေပြုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ရှေ့တိုးဆောင်ရွက်သွားနိုင်ရေး၊ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုလွယ်ကူစေရေး၊ သဘောတူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ရေး၊  ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများလျော့နည်းစေရေးစသည့်ကိစ္စရပ်များပေါ်တွင် ဖိုရမ်သို့ ပါဝင်တက်ရောက်လာသည့် နိုင်ငံများနှင့်အတူတကွလက်တွဲလုပ်ဆောင်ခြင်းဖြင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို လျော့နည်းစေပြီး မိတ်ဖက်ဆက်ဆံရေးကိုခိုင်မာမှုရှိစေရန် တိုက်တွန်းလိုကြောင်းဖြင့် နိဂုံးချုပ် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အဏ္ဏဝါစီးပွားရေးဆိုင်ရာ အခွင့် အလမ်းများနှင့်စိန်ခေါ်မှုများ၊ ၂၀၃၀ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အကောင်အထည်ဖော်မှုပေါ်တွင်အထောက်အပံ့ပေးနိုင်သည့် အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးကွဲများ ကာကွယ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ၎င်းတို့ နိုင်ငံများအလိုက် အဏ္ဏဝါ စီးပွားရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် ကြိုးပမ်းအားထုတ်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မိန့်ခွန်းများ၊ အမှာစကားများ ပြောကြားခဲ့ကြသည်။ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ အဏ္ဏဝါဇီဝမျိုးကွဲ ဆုံးရှုံးမှုများနှင့် အဏ္ဏဝါရေထုညစ်ညမ်းမှုများပေါ်တွင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဖိုရမ်၏ ဒုတိယပိုင်း၌ ပါဝင်တက်ရောက်သူများက ရေနေသတ္တဝါများနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စသည့်အဏ္ဏဝါရင်းမြစ်များကို ရှေရည်တည်တံ့စေရေး ကာကွယ်ရန် နည်းလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချဉ်းကပ်ဆောင်ရွက်မှုများ၊ ခရီးသွားလာရေးကဏ္ဍ မြှင့်တင်ရေး၊ မူဝါဒပိုင်းဆိုင်ရာညှိနှိုင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရေးနှင့် သမုဒ္ဒရာကို အခြေခံသော စီးပွားရေးမှ အကျိုးအမြတ်များရရှိစေရန် နိုင်ငံများအလိုက် စွမ်းဆောင်ရည်မြှင့်တင်ရေးစသည့် နည်းလမ်းများအပါအဝင် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ချဉ်းကပ်နိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍လည်း ဆွေးနွေးတင်ပြခဲ့ကြ သည်။ အဆိုပါဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။