(၂၆-၉-၂၀၂၆၊ ဟောင်ကောင်)
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာရုံးမှ ဟောင်ကောင်ဒေသအခြေစိုက် အာဆီယံ ကောင်စစ်ဝန်ချုပ်များအတွက် ၁၆-၉-၂၀၂၆ ရက်မှ ၁၇-၉-၂၀၂၆ ရက်အထိ စီစဉ်ပေးသည့် ကွမ်တုံး ပြည်နယ်၊ ဖိုရှန်းမြို့ခရီးစဉ်သို့ လိုက်ပါခဲ့ပါသည်။
အဆိုပါလေ့လာရေးခရီးစဉ်အား ဟောင်ကောင်ဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယကော်မရှင်နာ H.E. Mr. Hua You နှင့် ဟောင်ကောင်အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်များ၏ နာယကဖြစ်သူ မလေးရှားကောင်စစ်ဝန်ချုပ် Mr. Muzambli Markam တို့က ဦးဆောင်ခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ စင်ကာပူကုန်သည်ကြီးများအသင်း၊ အင်ဒိုနီးရှားကုန်သည်ကြီးများအသင်း နှင့် ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းလီမိတက် တို့မှ ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြပါသည်။
ကိုယ်စားလှယ်အဖွဲ့သည် ၁၆-၉-၂၀၂၆ ရက်တွင် ဖိုရှန်းမြို့ရှိ China Railway Tunneling Equipment Co., Ltd. (CRTE) သို့ သွားရောက်ခဲ့ပြီး မြေအောက်လမ်းဖောက်လုပ်မှုများအတွက် ဥမင်လိုဏ်ခေါင်းတူးဖော်မှုဆိုင်ရာ နည်းပညာများနှင့် စက်ပစ္စည်းများအကြောင်းကို လေ့လာခဲ့ကြပြီး၊ ယင်းနောက် ကွမ်တုံးမြို့၏ စက်ရုံ၊ စက်မှုလုပ်ငန်းများတွင် အလိုအလျောက် အလုပ်လုပ်ပေးသော စက်ပစ္စည်းများနှင့် စက်ရုပ်များ ပထမဆုံးထုတ်လုပ်သည့် KUKA Robotics (Guangdong) Co., Ltd. သို့လည်းကောင်း၊ တရုတ်တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ ထင်ရှားသည့် ဖိုရှန်းမြို့ တရုတ် တိုင်းရင်းဆေးရုံသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပါသည်။ ယင်းနေ့ ညနေပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ဖိုရှန်းမြို့မြူနီစီပယ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ Mr. Li Zhenghua နှင့်တွေ့ဆုံခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဖိုရှန်းမြို့တို့အကြား ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းများနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်တိုးမြှင့်ဖော်ဆောင်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဖိုရှန်းမြို့မြူနီစီပယ်ကော်မတီဥက္ကဋ္ဌက ကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ကိုယ်စားလှယ်အဖွဲ့သည် ၁၇-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် ဖိုရှန်းမြို့၏ ယဉ်ကျေးမှု အမွေအနှစ်နေရာများဖြစ်သည့် Foshan Ancestral Temple နှင့် Nanfeng Ancient Kiln တို့သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးနှင့် အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှု စက်ရုံဖြစ်သည့် Nanhai Solid Waste Environmental Park သို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကြပါသည်။
ဟောင်ကောင်ဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာရုံးအနေဖြင့် ၂၀၂၆ ခုနှစ်သည် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတည်ထောင်သည့် (၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ခြင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကွမ်တုံး-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသကြီး (Greater Bay Area – GBA) ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုသိရှိနားလည်စေရန်နှင့် အာဆီယံနိုင်ငံများနှင့် GBA မြို့များအကြား ချိတ်ဆက်ဆောင်ရွက်မှုများတွင် ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ GBA မြို့တစ်မြို့ဖြစ်သည့် ဖိုရှန်းမြို့ခရီးစဉ်ကို ဟောင်ကောင်အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်များအတွက် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါသည်။


