သဘာဝဘေးအန္တရာယ်ပေါင်းစုံမှ ကာကွယ်ရေးလေ့ကျင့်ခန်းသို့ နီကာရာဂွါနိုင်ငံဆိုင်ရာ သံတမန်များနှင့်အတူ မြန်မာသံအမတ်ကြီး ပါဝင်တက်ရာက်

(၂၅-၉-၂၀၂၆၊ မာနာဂွါ)

နီကာရာဂွါနိုင်ငံ ပူးတွဲသမ္မတတို့၏ လမ်းညွှန်မှုဖြင့် ကျင်းပခဲ့သည့် (၃) ကြိမ်မြောက် “သဘာဝဘေးအန္တရာယ်ပေါင်းစုံမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး အမျိုးသားအဆင့် ဇာတ်တိုက်လေ့ကျင့်ခန်း” ကို မာနာဂွါမြို့ Hilario Sánchez နှင့် Las Torres ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နီကာရာဂွါနိုင်ငံ၊ မာနာဂွါမြို့အခြေစိုက် သံရုံးများမှ သံတမန်များနှင့်အတူ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ပါသည်။

ဇာတ်တိုက်လေ့ကျင့်ခန်းမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး Hilario Sánchez နှင့် Las Torres ရပ်ကွက်များ၌ လက်တွေ့ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှင်းလင်းတင်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို တွဲဖက်နိုင်ငံခြားရေးဝန်ကြီး Mr. Denis Moncada၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အမျိုးသားစနစ်၏ ဝန်ကြီးအဆင့် ညွှန်ကြားရေးမှူး Dr. Guillermo González တို့မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။