မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက အာဆီယံ-ကင်ဘာရာကော်မတီ (ACC) နှင့် Group of 8 (Go8) အဖွဲ့အကြား မဟာဗျူဟာရေးရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၃-၁၀-၂၀၂၆၊ ကင်ဘာရာ)

မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းသည် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ နယူးဆောက်သ်ဝေးလ်တက္ကသိုလ် (UNSW) ၌ ၂၀-၁၀-၂၀၂၆ ရက်၊ အင်္ဂါနေ့၊ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ACC) မှ သံရုံးအကြီးအကဲများနှင့် ဩစတြေးလျနိုင်ငံရှိ သုတေသနအထူးပြု ထိပ်တန်းတက္ကသိုလ် (၈) ခု (Go8) မှ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအကြား မဟာဗျူဟာရေးရာ ဆွေးနွေးပွဲသို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲ၌ စွမ်းအင်အသွင်ကူးပြောင်းရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဆိုက်ဘာလုံခြုံရေးအပါအဝင် ဩစတြေးနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပညာရေးနှင့်သုတေသန ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေး၊ ဩစတြေးလျနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံတကာ ကျောင်းသားဆိုင်ရာ မူဝါဒများမှတစ်ဆင့် အာဆီယံကျောင်းသားများအပေါ် သက်ရောက်မှုအခြေအနေများအား ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။