နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒုတိယအကြိမ်မြောက် “Nicaragua Exporta 2026” Forum သို့ ပါဝင်တက်ရောက်

(၁၆-၁၀-၂၀၂၆၊ မာနာဂွါ)

နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် ၁၅-၁၀-၂၀၂၆ ရက်တွင် မာနာဂွါမြို့ရှိ Olof Palme Convention Center ၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် “Nicaragua Exporta 2026” Forum ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နီကာရာဂွါနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Laureano Ortega Murillo နှင့် ကုန်သွယ်ရေး၊ စက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MIFIC) ဝန်ကြီး H.E. Mr. Erwin Ramirez Colindres တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် သံအမတ်ကြီးသည် နီကာရာဂွါအစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များနှင့်အတူ ဖိုရမ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ ဖိုရမ်ကို အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဖိုရမ်သို့ နီကာရာဂွါကုမ္မဏီ (၅၂) ခု၊ နိုင်ငံပေါင်း (၃၄) နိုင်ငံမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်း (၁၄) ခုတို့မှ စုစုပေါင်းကိုယ်စားလှယ် (၃၄၆) ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ နီကာရာဂွါ ကုမ္ပဏီ (၂၇) ခုနှင့် နိုင်ငံတကာကုမ္ပဏီ (၁၄) ခုတို့အကြား လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။