
(၂၁–၁၁–၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဗီနေး မိုဟန် ကွာထရာ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ၂၁–၁၁–၂၀၂၂ရက်၊ (၁၁၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုလသမဂ္ဂနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေး ကူးမား၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် ရှရီမတီ စမီတာပန့်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

