( ၂၄-၃-၂၀၂၆ရက်၊ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၃-၃-၂၀၂၆ ရက်နေ့၊ ညနေ ၀၅၀၀ နာရီအချိန်တွင် ပေကျင်းမြို့၊ St. Regis Hotel ၌ ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိ ဦးဆောင်သည့် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (MLC) ခေါင်းဆောင်များအစည်းအဝေး (၁၀) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက အဖွင့်မိန့်ခွန်းပြောကြားရာ၌ မဲခေါင်မြစ်(လန်ချန်းမြစ်) သည် ယင်းဖြတ်သန်းစီးဆင်းသည့် နိုင်ငံပေါင်း (၆) နိုင်ငံကို ပိုမိုနီးကပ်သွားစေပြီး ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှု၊ စုပေါင်းအင်အားနှင့် စည်းလုံးညီညွတ်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယင်းပမာဏမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း (၁၅၀) ရာခိုင်နှုန်းကျော်ထိ မြင့်တက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ MLC လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်း၏ မရှိမဖြစ်အရေးပါသောအခြေခံမူ (၃) ချက်မှာ အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ထားခြင်း၊ ပြည်သူကို အထောက်အကူပြုနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဦးတည်ချက်ထားခြင်းနှင့် ဆန်းသစ်တီထွင်မှုကို အားပေးခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် အားလုံးပါဝင်သော အိမ်နီးချင်းကောင်းသံခင်းတမန်ခင်းကို အခြေခံမူအဖြစ် လိုက်နာကျင့်သုံးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့ပြင် MLC ၏အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသော ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr. Chatchai Viriyavejakul က ယနေ့အချိန်ထိ MLC အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ထားသော စီမံကိန်းပေါင်း (၁၀၀၀) နီးပါးခန့် ရှိပါကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း MLC အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဒေသတွင်းစိန်ခေါ်မှုများကို အတူတကွအဖြေရှာမည်ဆိုသော MLC ၏ ရည်မှန်းချက်များကို ပြသနေကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် China Institute of International Studies မှ ဥက္ကဋ္ဌ Ms. Chen Bo က “Join hands to build a community with a shared future among Lancang-Mekong countries” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင်၊ Institute for International Economic Research မှ ဒုတိယညွှန်ကြားရေးမှူး Ms. Yue Liu မှ “Master Plan for Connectivity, Common Development, and Deep Integration in the Lancang-Mekong Region over the Next Decade” ခေါင်းစဉ်ဖြင့်လည်းကောင်း လေ့လာသုံးသပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုံ၊ မဲခေါင် (၅) နိုင်ငံမှ သံအမတ်ကြီးများနှင့် သံရုံးဒုတိယအကြီးအကဲများ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ တရုတ်အသိပညာရှင်/ အတတ်ပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုံမှ ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။



