ASEAN Women Circle of Los Angeles (AWCLA) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

(၉-၁၂-၂၀၂၅ ရက်၊ လော့စ်အိန်ဂျယ်လိစ်)

ASEAN Women Circle of Los Angeles ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Philippine Department of Tourism ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် AWCLA ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ Mrs. Catherine Amon Cruz က အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း AWCLA ၏ လှုပ်ရှားမှုများကို အကျဉ်းချုံးပြောကြားခဲ့ပြီး ကူညီပံ့ပိုးမှုများအတွက် AWCLA အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Mrs. Catherine Amon Cruz က မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၄,၀၀၀ ကို မြန်မာကောင်စစ် ဝန်ချုပ်ထံ ပေးအပ်ခဲ့ရာ ကောင်စစ်ဝန်ချုပ်က ယခုကဲ့သို့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း နှင့် မြန်မာနိုင်ငံရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ အသိအမှတ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယင်းနောက် Mrs. Catherine Amon Cruz က AWCLA ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းကောင်စစ်ဝန်ချုပ်၏ဇနီး Mrs. Sirigamon Saralamba ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။