နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးတင်မောင်ဆွေသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူး Ms. Delphine Schantz အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ UNODC ၏ နိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ လုံးဝသည်းခံမှုမရှိသည့်မူဝါဒ (Zero-tolerance policy) ဖြင့် ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါကဏ္ဍများတွင် UNODC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိများ ပါဝင်တက် ရောက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။