(၁၆-၁၁-၂၀၂၆၊ ကူမင်း)
ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ယူနန်ပြည်နယ်၊ ပညာရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျောင်တဲ့ယုံးအား ၁၆-၁၁-၂၀၂၆ ရက်နေ့တွင် ယူနန်ပြည်နယ် ပညာရေးဌာန၊ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ပညာရေးနှင့် သုတေသနကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များအကြား ပူးတွဲသုတေသနလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များ၊ မိတ်ဖက်တက္ကသိုလ်များအကြား ကျောင်းသားဖလှယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ဘာသာစကားသင်ကြားရေး အစီအစဉ်များ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးဒီဂရီကောလိပ် ဆရာ၊ ဆရာမများ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုအရည်အသွေး မြှင့်တင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပညာသင်ဆု (YPGS) များ ပိုမိုရရှိနိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


