(၁၈-၁၁-၂၀၂၆၊ ချုံချင့်)
ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ရှိ HUALUXE Chongqing Science Hall တွင် ကျင်းပပြုလုပ်သည့် ကုန်းလမ်း-ရေလမ်း ကုန်သွယ်ရေးစင်္ကြံသစ်တစ်လျှောက် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် (Forum on Economic Development Along New Land and Sea Trade Corridor) သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်နှင့်အတူ တစ်ဆက်စပ်တည်း ကျင်းပသည့် “New International Land-Sea Trade Corridor Maritime Merchants Forum” တွင် ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ထွက်နိုင်သည့် အခွင့်အလမ်းများကို အခြေခံ၍ ဒေသတွင်းကုန်သွယ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ချုံချင့်မြို့နှင့် မြန်မာနိုင်ငံအကြား သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းဝန်ဆောင်မှု၊ ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စသည့်အလားအလာများကို အလေးထားပြောကြားခဲ့ပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ချုံချင့်မြူနီစီပယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ချုံချင့်မြူနီစီပယ်မြို့ မြို့တော်ဝန် Mr. Chen Xinwu၊ တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဌာန ဒုတိယဝန်ကြီး Mr. Zhang Baofeng တို့မှ အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ချုံချင့်မြူနီစီပယ်အစိုးရ အကောက်ခွန်နှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနများမှ တာဝန်ရှိသူများ၊ ပေကျင်းမြို့နှင့် ချုံချင့်မြို့ အခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ ဗဟိုအစိုးရပိုင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသများ၏ အစိုးရဌာနများ၊ သင်္ဘောပို့ဆောင်ရေး၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ဆိုင်ရာ ကုမ္ပဏီများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပညာရှင်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ကုန်သည်ကြီးများအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်၊ မြန်မာနိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်ဥမ္မာမော်တို့သည်လည်း မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်အတူ အဆိုပါဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



