(၁၂-၁၁-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးကို ပေါင်းစပ်အသုံးချခြင်း (Geopolitics and Geoeconomics for the implementation of Foreign Policy) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် (ကြာသပတေးနေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာ၌ တိုးတက်ပြောင်းလဲနေသည့် နိုင်ငံတကာအခင်းအကျင်းတွင် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးသည် အရေးပါလျက်ရှိကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအခြေအနေများအား ရှုထောင့်စုံမှ လေ့လာသုံးသပ်နိုင်ပြီး နိုင်ငံခြားရေးမူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒဆိုင်ရာ အကြံပြုချက်များအဖြစ် အသုံးချနိုင်ရန်အတွက် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် “ကမ္ဘာ့ပထဝီစီးပွားရေး လှိုင်းဂယက်များကြားမှ နိုင်ငံခြားရေးမူဝါဒ” ခေါင်းစဉ်ဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ငြိမ်း) ဒေါ်လဲ့လဲ့သိန်းကလည်းကောင်း၊ “နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ပထဝီစီးပွားရေးနှင့် စီးပွားရေးဗျူဟာများကို အသုံးချခြင်း” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်ဦးကလည်းကောင်း၊ “အင်အားကြီးနိုင်ငံများ၏ လတ်တလော ပြိုင်ဆိုင်မှုများနှင့် ကမ္ဘာ့အစီအစဉ်သစ်၊ ဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် စိန်ခေါ်မှုများကြောင့် နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် Naypyitaw State Academy မှ ပါမောက္ခ ဒေါက်တာဝင်းဝင်းခိုင်ကလည်းကောင်း၊ “ကမ္ဘာ့ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအခြေအနေများနှင့် နိုင်ငံခြားရေးမူဝါဒ အကောင်အထည်ဖော်မှုအပေါ် သက်ရောက်မှုနှင့် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး စိန်ခေါ်မှုများကြား လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်ရန် မဟာဗျူဟာမြောက် သံခင်းတမန်ခင်း၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် (ငြိမ်း) ဦးသန်းထွန်းကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။




