(၂၂-၉-၂၀၂၆၊ ကင်ဘာရာ)
အာဆီယံအဖွဲ့ ဖွဲ့စည်းတည်ထောင်မှု (၅၉) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံရုံးက ကြီးမှူး၍ မြန်မာသံရုံးအပါအဝင် အာဆီယံသံရုံးအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ASEAN Carillon Concert ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကင်ဘာရာမြို့ရှိ National Carillon ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများနှင့် ကင်ဘာရာမြို့အခြေစိုက် ပြည်ပသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဧည့်သည်တော်များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၁၀၀) ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ကင်ဘာရာမြို့ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါ်မြတ်သူဇာသန်းနှင့် သံတမန်များသည်လည်း အဆိုပါအာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အခြားအာဆီယံသံရုံးများမှ သံတမန်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနား၌ အာဆီယံသီချင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီကို ကိုယ်စားပြုသည့် သီချင်း (၁၁) ပုဒ်ကို အကြီးတန်းကာရီလွန်ဂီတပညာရှင် Dr. Thomas Peter Laue က တီးခတ်ဖျော်ဖြေခဲ့ရာ မြန်မာ့အမျိုးသားသီချင်းအဖြစ် မန်းတောင်ရိပ်ခို သီချင်းကို တီးခတ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကိုသာမက အာဆီယံဒေသ၏ ကြွယ်ဝပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် ဂီတအမွေအနှစ်များကို ထင်ဟပ်ဖော်ပြခဲ့ပါသည်။

