(၂၅-၉-၂၀၂၆၊ ချုံချင့်)
ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ချုံချင့်မြူနီစီပယ်မြို့၊ စီချွမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအကြား Business to Business (B2B) ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်၊ နှစ်ဖက်အကြား စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ၊ ကုန်သွယ်မှုအခွင့်အလမ်းများ နှင့် ဖြစ်နိုင်ခြေရှိသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ် လျက် နေပြည်တော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Naypyitaw Chambers of Commerce and Industry-NCCI) အသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျ ဦးဆောင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ကို ၂၂-၉-၂၀၂၆ ရက်မှ ၂၅-၉-၂၀၂၆ ရက်အထိ ချုံချင့်မြို့နှင့် ချန်ဒူးမြို့များသို့ ဖိတ်ကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းလျက် စီးပွားရေးဆိုင်ရာ မိတ်ဆက်တွေ့ဆုံပွဲများကို စီစဉ်ပြုလုပ်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ၂၃-၉-၂၀၂၆ ရက်တွင် ချုံချင့်မြို့၊ ကျူလောင်ပို ခရိုင်အစိုးရဌာနနှင့် ပူးပေါင်း၍ NCCI နှင့် ကျူလောင်ပိုခရိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးဆိုင်ရာ မိတ်ဆက်တွေ့ဆုံပွဲကို ကျူလောင်ပိုခရိုင် အစိုးရရုံး၌လည်းကောင်း၊ ၂၄-၉-၂၀၂၆ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT-Sichun) နှင့် ပူးပေါင်း၍ NCCI နှင့် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးဆိုင်ရာ မိတ်ဖက်အစည်းအဝေးကို ချန်ဒူးမြို့ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ၏ အစည်းအဝေးခန်းမ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မိတ်ဆက်တွေ့ဆုံပွဲများသို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်အတူ CCPIT-Sichun ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ Li Yunbo ၊ CCPIT-Sichun နိုင်ငံတကာဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူး မစ္စ Lei Xuejie၊ ကျူလောင်ပိုခရိုင်အစိုးရဌာနမှ ဒုတိယခရိုင်မှူး မစ္စတာ Guo Qi၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ NCCI အသင်းမှ ဥက္ကဋ္ဌ ဦးအောင်ဇေယျ ဦးဆောင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ဝင်များ၊ ချန်ဒူးမြို့နှင့် ချုံချင့်မြို့ရှိ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။




