(၉-၁၂-၂၀၂၃ ရက်၊ ချွမ်ကျိုး)
အာဆီယံ-တရုတ်စင်တာ (ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ၏ ဖိတ်ကြားချက်အရ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၉-၁၂-၂၀၂၃ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန်းပြည်နယ်၊ ချွမ်ကျိုးမြို့၌ ကျင်းပခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံ-တရုတ် စင်တာ ပူးတွဲကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Hou Yanqi နှင့် တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ Mr. Parulian George Andreas Silalahi တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ ACC Joint Council အဖွဲ့ဝင်များ၊ ACC အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ACC မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ACC ၏လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ ACC ၏ ၂၀၂၃ ခုနှစ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ၂၀၂၄ ခုနှစ်လုပ်ငန်းအစီအစဉ်တို့ကို အတည်ပြုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်တွင် ACC အနေဖြင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ မီဒီယာနှင့်သတင်းအချက်အလက်ကဏ္ဍတို့တွင် စီမံကိန်း(၂၂)ခုကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၄ ခုနှစ်ကို “အာဆီယံ-တရုတ်ပြည်သူ အချင်းချင်းအပြန်အလှန်ဖလှယ်ရေးနှစ်” အဖြစ်သတ်မှတ်ထားရာ ယင်းအစီအစဉ်အား အကောင် အထည်ဖော်ရာတွင် ACC အနေဖြင့် သင့်လျော်သည့် အစီအစဉ်များမှတစ်ဆင့် ပိုမိုအားစိုက်ဆောင်ရွက်သွားရန် အစည်းအဝေးက အပြည့်အဝထောက်ခံခဲ့သည်။
ဆက်လက်၍ အစည်းအဝေးက တရုတ်ပြည်သူများအကြား အာဆီယံ၏ပုံရိပ်အား မြှင့်တင်ရာတွင် ACC ၏အရေးပါသည့်ကဏ္ဍကို အလေးထားခဲ့ကြပြီး၊ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရာတွင် ACC နှင့် အာဆီယံ-တရုတ်ဆက်ဆံရေး ညှိနှိုင်းရေးမှူး ဖြစ်သည့် မြန်မာနိုင်ငံတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အစည်းအဝေးကာလအတွင်း ဖူးကျန်းပြည်နယ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အစည်းအဝေး၊ ဖူးကျန်းပြည်နယ်အစိုးရ၊ ဦးဆောင်ပါတီအဖွဲ့ဝင် Mr. Kang Tao ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲနှင့် (၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပင်လယ် ရေကြောင်း ပိုးလမ်းမအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားတို့သို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


