နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ video conferencing ဖြင့် တက်ရောက်

(၁၅-၇-၂၀၂၁ ရက်၊ နေပြည်တော်)

           နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် video conferencing ဖြင့် ကျင်းပပြုလုပ်သော အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

          အစည်းအဝေးကို လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။         

အစည်းအဝေးတွင် COVID-19 ကာကွယ်တိုက်ဖျက်ရေး၊ ပြည်သူ့ကျန်းမာရေး၊ အာဆီယံ-အမေရိကန်အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးရာတွင် အာဆီယံ၏ COVID-19 ကာကွယ်တိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ အကူအညီများ ထပ်မံပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံ ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (IAI) ကိုလည်း ဆက်လက်ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ သဘောတူညီချက် (၅) ချက်တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။