(၂၁)ကြိမ်မြောက် အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက်(၂၁-၅-၂၀၂၄ ရက်)

(၂၁-၅-၂၀၂၄ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံ၊ အော်တာဝါမြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ်သည့် (၂၁)ကြိမ်မြောက် အာဆီယံ-ကနေဒါအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Weldon Epp နှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ် Dato’ Sri Amran Mohamed Zin တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများက “အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေး ဆိုင်ရာပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)” နှင့် “အာဆီယံနှင့် ကနေဒါအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး စတင် ထူထောင်သည့် ပူးတွဲကြေညာချက်” တို့အား အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် အာဆီယံနှင့်ကနေဒါအကြား မဏ္ဍိုင်ကြီး(၃)ရပ်၌ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ များကို ပြန်လည်ဆန်းစစ်ခဲ့ကြပါသည်။ ထို့ပြင် အဆင့်မြင့်အရာရှိကြီးများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မြဲစေရန်အတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့် နယ်ပယ်များနှင့် ဒေသတွင်းနှင့်နိုင်ငံတကာ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

မြန်မာသံအမတ်ကြီးက သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် အာဆီယံနှင့် ကနေဒါအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်အတွက် အနာဂတ်တွင် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများနှင့် အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံက အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်းနှင့် ညနေပိုင်းတွင် မြန်မာသံအမတ်ကြီးသည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တည်ခင်းသည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

**********************************