၂၀၂၅ အာဆီယံ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပါဝင်ဆင်နွှဲ (၁၉-၈-၂၀၂၅ ရက်)

(၁၉-၈-၂၀၂၅ ရက်၊ ဟောင်ကောင်)

ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်မှ ၃၁ ရက်အထိ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပလျက်ရှိရာ အဆိုပါပွဲတော်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ (၄) နိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ကာဇတ်စတန်နိုင်ငံနှင့် တူရကီနိုင်ငံတို့က စုစုပေါင်း ရုပ်ရှင် ဇာတ်ကား (၂၄) ကားကို နေရာများခွဲ၍ ပါဝင်ပြသလျက်ရှိပါသည်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် အဆိုပါ ၂၀၂၅ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ပြီး ၁၇-၈-၂၀၂၅ ရက် ၁၅၀၀ နာရီတွင် ဟောင်ကောင်ဒေသ၊ Central ရှိ Entertainment အဆောက်အအုံ၊ Emperor ရုပ်ရှင်ရုံတွင် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်” အမည်ရှိ မြန်မာရုပ်ရှင်ဇာတ်ကားကို ပါဝင်ပြသခဲ့ပါသည်။ ရုပ်ရှင်ပြပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ဟောင်ကောင်-အာဆီယံ ဖောင်ဒေးရှင်းမှ တာဝန် ရှိသူများ၊ ဟောင်ကောင်ဒေသရှိ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ ဟောင်ကောင်ဒေသရှိ မြန်မာနိုင်ငံသားများနှင့် စိတ်ပါဝင်စားသူများက လာရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရပါသည်။