(၂၁-၅-၂၀၂၄ ရက်၊ ဘာလီ)
(၁၀) ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ (၂၀-၂၁) ရက်တို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ရေဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘာ့ရေဖိုရမ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာသံရုံး၊ ဂျကာတာမြို့မှ သံမှူးကြီး ဒေါက်တာ အောင်သူစိုးက မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက် ခဲ့ပါသည်။
ကမ္ဘာ့ရေဖိုရမ်တွင် အဆင့်မြင့်အစည်းအဝေး (High Level Meeting)၊ ဝန်ကြီးများအဆင့် အစည်းအဝေး (Ministerial Meeting) တို့အပြင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များက ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်သော ဆွေးနွေးပွဲများကိုလည်း တစ်ပါတည်း ထည့်သွင်းကျင်းပခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဘာသာရပ်ပိုင်း ဆိုင်ရာ စိတ်ပါဝင်စားသူ များစွာ ပါဝင်တက်ရောက်လျက်ရှိပါသည်။
(၁၀) ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ၂၀-၅-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင် ဘာလီမြို့၊ ဘာလီအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းဖွင့်ပွဲအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံ သမ္မတ Ranil Wickremesinghe၊ ဖီဂျီနိုင်ငံ သမ္မတ Ratu Wiliame Maivalili Katonivere၊ တာဂျစ်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Qohir Rasulzoda၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dato Sri Haji Fadillah Bin Haji Yusof နှင့် ပါပူဝါနယူးဂီနီနိုင်ငံ ဒုတိယဝန်ကြီးချုပ် John Rosso စသည့် နိုင်ငံ့အကြီးအကဲ နှင့် အစိုးရအဖွဲ့ဝင် အကြီးအကဲများနှင့် ကမ္ဘာ့ရေကောင်စီ ဥက္ကဋ္ဌ Loic Fauchon၊ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Dennis Francis တို့လည်း ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
**************************************


