အာဆီယံ-ဗီယင်နာကော်မတီ၏ နျူကလီးယားသုတေသနဓာတ်ပေါင်းဖို လေ့လာရေးခရီးစဉ်သို့ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင်တက်ရောက်

(၄-၁၁-၂၀၂၆၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီ တာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၃-၁၁-၂၀၂၆ ရက်တွင် ဗီယင်နာမြို့ အခြေစိုက် အခြား အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ ဗီယင်နာ နည်းပညာတက္ကသိုလ် (TU Wien) Atominstitut ဌာနရှိ နျူကလီးယား သုတေသနဓာတ်ပေါင်းဖို လေ့လာရေးခရီးစဉ်သို့ ပါဝင်တက်ရောက်ခဲ့သည်။

လေ့လာရေးခရီးစဉ်အတွင်း ရှေးဦးစွာ TU Wien Atominstitut မှ တာဝန်ရှိသူ Mr. Nedim Sahovic က တက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိသည့် နျူကလီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာကျောင်းသားများအတွက် ရရှိနိုင်သည့် ပညာရေးအခွင့်အလမ်းများနှင့် TRIGA Mark II နျူကလီးယား သုတေသနဓာတ်ပေါင်းဖို၏ လည်ပတ်လုပ်ဆောင်ပုံတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အာဆီယံ-ဗီယင်နာ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dato Fenny Anak Nuli က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာသူများသည် သုတေသန ဓာတ်ပေါင်းဖိုကို လက်တွေ့လှည့်လည်လေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြ သည်။ အဆိုပါ နျူကလီးယား သုတေသနဓာတ်ပေါင်းဖိုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် မဟုတ်ဘဲ သိပ္ပံသုတေသန၊ ပညာရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ အတွက် အဓိက အသုံးပြုရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။