(၁၄-၂-၂၀၂၅ ရက်၊ ဆိုးလ်)
အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၃ ရက်တွင် ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ကျင်းပသည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre- AKC) ကောင်စီ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Jae-shin၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံနှင့် အရှေ့တောင်အာရှဆိုင်ရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Lee Dong-gy တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား တည်ရှိသည့် မိတ်ဖက်ဆက်ဆံ ရေးကို ၂၀၂၄ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ပြီး နောက်ပိုင်း AKC အနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်မည့်ကိစ္စ၊ ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် အစီအစဉ်များနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတွင် အထောက်အကူဖြစ်စေမည့် အာဆီယံပြခန်းပြောင်းရွှေ့ဖွင့်လှစ် မည့်ကိစ္စ စသည်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးအတည်ပြုခဲ့ကြပါ သည်။
အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက ၂၀၂၅ ခုနှစ်အတွက် AKC ကောင်စီဉက္ကဋ္ဌ တာဝန်ယူ မည့် မလေးရှားနိုင်ငံ ကိုယ်စားလှယ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကိုရီးယားအစိုးရမှ AKC အား ဆက်လက်ပံ့ပိုးပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက ဆက်လက်၍ AKC မှ ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ခဲ့သည့် ကိစ္စရပ်များကို ခြုံငုံသုံးသပ်ပြောကြားခဲ့ပြီး အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် မြှင့်တင်ပြီးသည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပြုထားသည့် လုပ်ငန်းအစီအစဉ်နှင့် ဘက်ဂျက်အပေါ် ထောက်ခံပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးပြီးနောက် ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Kang Insun တက်ရောက်၍ အာဆီယံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား အားလုံးပါဝင်သည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့မှုအခြေအနေများနှင့် နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
**********************************



