အာဆီယံသံရုံးများ၏ သီရိလင်္ကာနိုင်ငံအလယ်ပိုင်းပြည်နယ်သို့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ခရီးစဉ်တွင် မြန်မာသံအမတ်ကြီး ပါဝင်

(၂-၁၁-၂၀၂၆၊ ကိုလံဘို)

သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် ကိုလံဘိုမြို့ အခြေစိုက် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးများနှင့်အတူ ၃၀-၁၀-၂၀၂၆ ရက်မှ ၃၁-၁၀-၂၀၂၆ ရက်အထိ အာဆီယံသံရုံးများ၏ နှစ်ရက်တာ သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းပြည်နယ်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ခရီးစဉ်တွင် ပါဝင်ခဲ့သည်။

ခရီးစဉ်အတွင်း အာဆီယံကိုယ်စားလှယ်အဖွဲ့သည် အလယ်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက်တာ ဟာရှာ ဆူရန်ဒါ ဖာနန်ဒို အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး၊ ပြည်နယ်အစိုးရတာဝန်ရှိသူ များ၊ ဒေသန္တရအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုများတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကျောက်မျက်လုပ်ငန်း၊ ကျွမ်းကျင်လုပ်သားကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သီရိလင်္ကာနိုင်ငံအကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှု ပိုမိုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ကိုယ်စားလှယ်အဖွဲ့သည် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၌ ခင်းကျင်းပြသထားသည့် ဒေသခံ ပြည်သူများ၏ ရိုးရာလက်မှုပညာလက်ရာများနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် အာဆီယံသံအမတ်ကြီးများသည် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက စီစဉ်ကျင်းပသည့် သံတမန်များနှင့် ညနေခင်း စကားဝိုင်း ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် အလယ်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် စက်မှုလုပ်ငန်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယ ဝန်ကြီး ချာတူရန်ဂါ အဘီဆင်ဟဲတို့က အဓိကဧည့်သည်တော်များအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပြည်နယ်အဆင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံ တကာမျက်နှာစာပုံရိပ်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။