(၁၆-၅-၂၀၂၃ ရက်၊ ပရာ့ဂ်)
ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံကော်မတီပရာ့ဂ်မြို့၏ (၂၄) ကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီဥက္ကဋ္ဌရာထူး လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးစိုင်းကောင်းထက် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ ပရာ့ဂ်မြို့ အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများနှင့် လုပ်ငန်းအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ ကော်မတီ၏ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ချက်သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေးတွင် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး အပြီးတွင် ကော်မတီဥက္ကဋ္ဌ ရာထူးကို ထိုင်းသံအမတ်ကြီးမှ ဖိလစ်ပိုင်သံအမတ်ကြီးအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။





