(၁၈-၁၁-၂၀၂၅ ရက်၊ ဗီယင်နာ)
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ၁၇-၁၁-၂၀၂၅ ရက်မှ ၁၈-၁၁-၂၀၂၅ ရက်အထိ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နည်းပညာပံ့ပိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်း အဝေးသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး ပထမနေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာ၌ ၂၈-၃-၂၀၂၅ ရက်တွင် မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက်၊ IAEA အနေဖြင့် အဆောက်အအုံ ကြံ့ခိုင်မှုဆန်းစစ်သည့်နည်းပညာအဖွဲ့တစ်ဖွဲ့စေလွှတ်ပေးခဲ့မှုနှင့် ငလျင်ဘေးသင့်ဒေသများရှိ ဆေးရုံ များသို့ portable ultrasound နှင့် portable X-ray စက်များ ပံ့ပိုးပေးခဲ့မှုတို့အပေါ် ကျေးဇူး တင်ရှိကြောင်း၊ အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များသည် မြန်မာနိုင်ငံ၏ ဦးစားပေးအစီအစဉ်များနှင့်ကိုက်ညီမှုရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ဆွေးနွေးရာတွင်၊ အဆိုပါနည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်စက်ဝန်း၌ ဂမ်မာဓာတ်ရောင်ခြည်အသုံးပြုသည့် facility ထူထောင်ရေး၊ အစားအစာများ ဘေးကင်းမှုရှိရန် စမ်းသပ်စစ်ဆေးမှု၊ တိရိစ္ဆာန်မှ ကူးစက်ရောဂါရှာဖွေမှု၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာရောဂါကုသမှုများတိုးတက်ရေးအတွက် အကူအညီများရရှိခဲ့ကြောင်း၊ ထို့အပြင်၂၀၂၆-၂၀၂၇ ခုနှစ်စက်ဝန်း၌လည်း ဆောင်ရွက်ဆဲစီမံကိန်း ၄ ခုအပြင် နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်း ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးစနစ် အသုံးချရေးဆိုင်ရာ စီမံကိန်းအသစ် ၂ ခု ထည့်သွင်းပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

